Thursday, December 20, 2007

သူငယ်ချင်း

အချစ်ကို ဘယ်လိုမြင်ကြပါလဲ..။ ကျွန်မကတော့ အချစ်ဆိုတာ ဆန်းကြယ်ပြီး စိတ်ကူးယဉ်စရာ ကောင်းတဲ့ အရာတစ်ခုဖြစ်မယ်လို့
ထင်ပါတယ်.. အဲ့လို အချစ်မျိုးကို တွေ့ဖို့ စောင့်မိတဲ့ လူမှာ အပြစ်ရှိတယ်ဆိုရင် ကျွန်မလည်း အပြစ်ရှိတဲ့ လူတစ်ယောက်ပါ..။ နောက်ပြီး
လူတစ်ယောက်ကို ကိုယ်လိုချင်တဲ့ပုံစံမျိုးနဲ့ ပဲ နေစေချင်တာ တစ်ကိုယ်ကောင်းဆန်တဲ့လူတွေရဲ့အပြုအမှုဆိုရင် ကျွန်မဟာ
သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမတစ်ယောက်ပါ..။
ကျွန်မမှာ ငယ်ငယ်လေးထဲက သိပ်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။ ကျွန်မငယ်ငယ်တည်းက ဒီအချိန်ထိ လိုသမျှဖြည့်စည်းပေးခဲ့တဲ့
အရမ်းချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းပါ။ ကျွန်မသူ့ကို သိပ်ချစ်ပါတယ်..။ ဒါပေမယ့် အဲ့လို ချစ်ပါတယ်ဆိုတဲ့ ကျွန်မအချစ်ဟာ အဖြူရောင်
သပ်သပ်ပါ။ တချို့လူတွေကပြောကြပါတယ်.. ယောင်္ကျားလေးနဲ့ မိန်းကလေး ဖြူစင်စွာချစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး... ကြာလာတာနဲ့အမျှ
ရိုးရိုးကနေ ဆန်းဆန်းဖြစ်မှာပဲ.. အဲ့လိုစကားမျိုးတွေ ကျွန်မတော်တော် ကြားဖူးခဲ့ပါတယ်။ ကျွန်မလူတွေရဲ့စိတ်တွေကို နားမလည်နိုင်ပေမယ့်
သေချာတာ တစ်ခုကတော့ ကျွန်မသူ့ကို သိပ်ချစ်ပါတယ်.. မနာလိုမှုတွေ ၊ ၇ယူမှုတွေ၊ ပေးဆပ်ခြင်းတွေ.. အဲ့ဒါတွေ တစ်ခုမှ မပါပါဘူး..။
ဒီလိုနဲ့ ကျွန်မ မထင်မှတ်ထားတဲ့ နေ့တစ်နေ့မှာ ဘယ်လိုမှ မထင်ထားတဲ့ စကားတစ်ခွန်းကို သူပြောခဲ့ပါတယ်။ "နင့်ကို ငါ အရမ်း
ချစ်တယ်ဟာ"တဲ့.. ကျွန်မ အရမ်းအံသြသွားခဲ့ရပါတယ်..။ ကျွန်မဟာ လူတွေရဲ့ စိတ်ကို ဖတ်တဲ့နေရာမှာ တော်တော်ညံ့တဲ့ လူတစ်ယောက်ပါ..။
တစ်ခါတ်လေ ကိုယ့်ကို စိတ်ဆိုးနေတာကိုတောင် မသိတဲ့ နားမလည်တဲ့လူပါ.. ။ ဒါပေမယ့် ကျွန်မနဲ့ အနီးကပ်ဆုံး ကျွန်မအချစ်ဆုံးဖြစ်တဲ့
သူငယ်ချင်းရဲ့စိတ်ကိုတော့ သိမယ်လို့ ကိုယ့်ကို ကို ထင်ထားခဲ့တာပါ။ ကျွန်မ သိခဲ့တာ ကျွန်မကို သူသိပ်ချစ်ခဲ့တယ် .. ဒါပေမယ့် ကျွန်မသိခဲ့တဲ့
အချစ်ဟာ အခုသူပြောနေသလို ပိုင်ဆိုင်လိုမှု .. ရယူလိုမှုတွေ.. ပေးဆပ်ခြင်းတွေနဲ့ ရှုပ်နေတဲ့ အချစ်မျိုး ဘယ်တုံးကမှ မဟုတ်ခဲ့ပါဘူး။
"နင်စိတ်ဆိုးသွားလာဟင်.. ငါနင့်ကိုနောက်နေတာမဟုတ်ပါဘူး.. ငါ နင့်ကို တကယ်တန်ဖိုးထားပြီး ချစ်တာပါ.. ငါ့ရဲ့ ဘ၀လက်တွဲဖော် အထိ
ရည်ရွယ်ပြီး ချစ်ခဲ့တာပါ" .. ဟင့်အင်း.. ငါစိတ်မဆိုးရက်ပါဘူး.. ဒါပေမယ့် ငါစိတ်မကောင်းဖြစ်မိတယ်.. ငါဘယ်တုံးကမှ နင့်ကို သူငယ်ချင်း
အဖြစ်ထက်ပိုပြီး မစဉ်းစားခဲ့ဖူးဘူး.. ။
ကျွန်မ အဲ့နေ့က တစ်ညလုံး အိပ်မရခဲ့ပါဘူး။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ မိန်းကလေးပီသစွာ ကိုယ့်ချစ်သူနဲ့
ပတ်သတ်ပြီး စိတ်ကူးအများကြီးယဉ်ခဲ့ဖူးပါတယ်.။ ဒါပေမယ့် ကျွန်မမှာ ချစ်သူတစ်ယောက်မှ မရှိခဲ့ပါဘူး။ ကျွန်မရဲ့ အချစ်ကို တောင်းခံခဲ့တဲ့လူတွေကို
ယုံလည်းမယုံခဲ့သလို ခံစားချက်လည်း တစ်စုံတစ်ရာလည်း မရှိခဲ့ပါဘူး။
''ချစ်တယ်" ဆိုတဲ့စကားကို ကျွန်မတကယ်ချစ်တဲ့လူ ကိုတွေ့မှ ကျွန်မရင်ထဲက စိတ်ပါလက်ပါနဲ့ပြောချင်တာပါ.. အဲ့လိုချစ်မိတဲ့သူကိုပဲ
ဘ၀လက်တွဲဖော်အဖြစ် လက်တွဲချင်မိတာပါ..။ ကျွန်မမှာ အခုထိ အဲ့လို ခံစားလို့ရမယ့်သူ မတွေ့သေးပါဘူး။ ချစ်သူမရှိတဲ့ မိန်းကလေးတစ်ယောက်
အနေနဲ့ ချစ်မိဖို့ မခက်ပါဘူး။ ဒါပေမယ့် ကျွန်မသူ့ကို ချစ်ခဲ့တာ အဲ့လို အချစ်မျိုးနဲ့ ဘယ်တုံးကမှ မဟုတ်ခဲ့ပါဘူး..။
ကျွန်မသူ့ကို ချစ်သူအဖြစ် လက်မခံနိုင်ပါဘူး.. အရာရာပြည့်စုံတဲ့ သူ့လို လူတစ်ယောက်ကို ငြင်းဖို့ မရှိပေမယ့် ခံစားချက်ပါမှ ချစ်ချင်တာ
ကျွန်မ စိတ်ကူးယဉ် သိပ်ဆန်သွားသလား..။ ဒါပေမယ့် တစ်ဖက်ကလည်း ကျွန်မ သူ့ကို သူငယ်ချင်း တစ်ယောက် .. ကျွန်မသိပ်ချစ်တဲ့ ကျွန်မကို
သိပ်ချစ်တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ရှိစေချင်ပါတယ်..။ ကျွန်မက သိပ်အတ္တကြီးတဲ့ မိန်းမတစ်ယောက် ဖြစ်နေမိမယ်ထင်ပါတယ်။ ကိုယ့်ဘက်က
ဘာမှ မပေးနိုင်ပဲနဲ့ သူ့ကို ကိုယ်လိုချင်တဲ့နေရာမှာနေစေချင်မိလို့ပါ..။
ကျွန်မ သူ့ကို သိပ်ချစ်ပါတယ်။ ဒါပေမယ့် သူတောင်းဆိုနေတဲ့ အချစ်မျိုးနဲ့ မချစ်နိုင်ဘူး..။ ကျွန်မကို လည်း သူငယ်ချင်းအဖြစ်နဲ့ပဲ
ချစ်စေချင်မိတယ်။ ကျွန်မ သိပ်လွန်သွားသလားဟင်..။

No comments: