Thursday, December 20, 2007

မမေ့နိုင်သော အပြုံးလေးများ

ပူပြင်းလှတဲ့ နေ့လည်တစ်ခုမှာ ကျွန်မ သူ့ကိုစတွေ့ခဲ့ပါတယ်။ သူကတော့ ကားပေါ်မှာ ထိုင်နေခဲ့တဲ့ ကျွန်မကို မြင်ချင်မှ မြင်ပါလိမ့်မယ်။ အလွန်ပူတဲ့ နေရောင်အောက်မှာ ကျောင်းဝင်ခွင့် လျှောက်လွှာထုတ်ဖို့ စောင့်နေရင်း
လမ်းပေါ်က လူတွေကို ကြည့်နေတဲ့ အချိန်မှာ ကျွန်မကားရှေ့ကနေ လျှောက်လာတဲ့ သူ့ကို တွေ့ခဲ့ရတာပါ..။ အစတော့ အမှတ်မထင် ကြည့်လိုက်မိတာ ဖြစ်ပေမယ့် ရုတ်တရက် သူပြုံးတာကို မြင်လိုက်ရပါတယ်။ သူက လမ်းမှာတွေ့
တဲ့ သူ့ သူငယ်ချင်းတစ်ယောက်ကို ပြုံးပြတာပါ။ ဒါပေမယ့် သူ့အပြုံးကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်မရင်ထဲ အေးချမ်းသွားခဲ့တယ်။ ဘာရယ်ကြောင့်မှန်း မသိပေမယ့် နေပူဒဏ်ခံနေရလို့ စိတ်အိုက်နေတာတွေ၊ စောင့်နေရလို့
စိတ်ညစ်နေရတာတွေ အားလုံးကို မေ့သွားပြီး သူ့အပြုံးကို ငေးကြည့်နေခဲ့မိပါတယ်။
သူက လမ်းမှာရပ်ပြီး သူ့ သူငယ်ချင်းနဲ့ စကားတွေပြောနေခဲ့တယ်။ သူ့ပြုံးလိုက်တိုင်း သူ့မျက်လုံးလေးတွေ မှိတ်မှိတ်သွားခဲ့တယ်.. သွားတန်းဖြူဖြူလေးတွေ ပေါ်လာခဲ့တယ်..။ သူ့အပြုံးက ဟန်ဆောင်မှု မရှိတဲ့ ပီဘိ
ကလေးငယ်တစ်ယောက်ရဲ့ အပြုံးမျိုးပါ။ သူ့ရုပ်ရည်က သာမန်ပါပဲ.. ချောမောတယ်ဆိုတဲ့ စာရင်းထဲ ထည့်လို့မရတာတော့ အသေအချာပါ။ ဒါပေမယ့် ထူးဆန်းတာက သူ့အပြုံးကို မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်မရင်ထဲ အလွန်ကို
အေးချမ်းသွားခဲ့ရပါတယ်။ ကျွန်မအတွက် မဟုတ်ခဲ့တဲ့ အပြုံးကို အခုချိန်ထိ စိတ်ထဲs စွဲစွဲမြဲမြဲ မှတ်မိနေပါတယ်။
ကျောင်းတွေဖွင့်တဲ့အခါ သူ့ကို ပြန်တွေ့ခွင့် ရခဲ့ပါတယ်။ ကျွန်မထက် senior ဖြစ်တဲ့သူ့ကို တစ်ခါတစ်ခါမှ မြင်တွေ့ခွင့် ရပါတယ်။ သူနဲ့တွေ့တိုင်း သူပြုံးနေတဲ့ အချိန်နဲ့ ကြုံရတာမဟုတ်ပေမယ့် သူပြုံးတာကို မြင်ခွင့်ရတဲ့
အချိန်တိုင်း သူ့အပြုံးကို မရှောင်လွှဲနိုင်အောင်ကိုပဲ ကြည့်မိပါတယ်။ ဟန်ဆောင်ပန်ဆောင်မဟုတ်ပဲ တကယ့်ကို စိတ်ထဲကပါတဲ့ သူ့အပြုံးလေးတွေကို ကျွန်မ အလွန် မြတ်နိုး တန်ဖိုးထားမိပါတယ်။ ကျွန်မ သူ့ကို ချစ်နေတာလည်းမဟုတ်ပါဘူး။
ဒါကိုတော့ ကျွန်မရင်ထဲမှာ ရှင်းရှင်းလင်းလင်းသိပါတယ်။ ဒါပေမယ့် သူ့အပြုံးကို တော့ ရင်ထဲမှာစွဲမြဲနေခဲ့ပါတယ်။
သူ့အပြုံးတွေကို မြင်ခွင့်ရလိုက်တိုင်း ပီတိဖြာမိခဲ့ပါတယ်..။ ဖြစ်နိုင်မယ်ဆိုရင် သူ့အပြုံးလေးတွေကို နေ့တိုင်းပဲ မြင်ချင်မိပါတယ်..။ ကျွန်မ အတွက်မဟုတ်ပေမယ့် ကျွန်မ စိတ်တွေကို အေးမြစေတဲ့ အပြုံးမျိုး ပြုံးတတ်တဲ့
သူ့ကိုလည်း အရမ်းကို ကျေးဇူးတင်မိပါတယ်...။

No comments: